ပေါ်ဦးရယ်၊ ငါတို့ အိမ်နိမ့်စံ ဘ၀တုန်းကလို ပုံပြင်ကလေး ဘာလေးပြောပြီး
ပျော်တော်ဆက် စမ်းပါဦးဟယ် ”
တစ်နေ့သ၌ မိဘုရားခေါင်ကြီးရဲ့ အဆောင်တော်မှ မင်းတရားကြီးစံမြန်းနေတုန်း
ဦးပေါ်ဦးကို အခေါ်လွှတ်ပြီး ရောက်လာချိန်မှာ မိဖုရားခေါင်ကြီးက အမိန့်တော်ရှိတာ
ဖြစ်ပေတယ်။
(ရှင်ဘုရင်ရဲ့ သားတော်၊ သမီးတော်တွေအနေနဲ့ မင်းမဖြစ်မီ မိဘုရားမဖြစ်မီကာလကို
အိမ်နိမ့်စံလို့ ခေါ်တယ်)။
…အမတ်ကြီးဦးပေါ်ဦးက ရိုသေစွာ လက်ယှက်ပြီး…
“ မယ်ဖုရားခေါ်တော်မူလို့ ကျွန်တော်မျိုး အခစားဝင်ဖို့ အလာလမ်းမှာ
ဝက်ကလေးနှစ်ကောင်နဲ့ ၀က်လင်မယား နှစ်ကောင် အူလျားဖားလျား ပြေးလာကြတာ
တွေ့လိုက်ရပါတယ်ဖုရား…” လို့ စိတ်ဝင်စားဖွယ် အစချီလိုက်တယ်။
“ ကျွန်တော်မျိုး လှမ်းကြည့်လိုက်တော့ လူတစ်ယောက် ဓါးကြီးကိုင်မြှောက်ပြီး
ဝက်တွေနောက်က ပြေးလိုက်လာတာ တွေ့ရတယ် ဘုရာ့၊ ဒါနဲ့ မီလုမီခင်မှာ
နောက်ဆုံးက ၀က်ကလေးကို ဓားနဲ့ပိုင်းဖို့ အားယူနေတုန်းမှာ ကျွန်တော်မျိုးက …
“ ဟဲ့…..ဟဲ့…..မောင်မင်း၊ ဘာပြုလို့ သူတစ်ပါး အသက်ကို မညှာမတာ လုပ်ရသတုန်း…”
ဆီးမေးတဲ့အခါ အဲဒီလူက…
“ ကျွန်တော်မျိုးရဲ့ စိုက်ခင်း ပျိုးခင်းတွေကို ဒီဝက်တွေ မကြာခဏ
လာလာဖျက်ဆီးတာ များပြီဘုရား၊ ဒါကြောင့် ဒေါသဖြစ်ဖြစ်နဲ့ အခုလိုလုပ်မိတာပါ
အမတ်ကြီးရယ်လို့ ဖြေပါတယ်ဘုရား…”
“ အေးကွယ်၊ သနားပါတယ်ကွယ်၊ ဒီတစ်ခါတော့ ခွင့်လွတ်လိုက်ပါ…”
“ ကျွန်တော်မျိုး ဖျောင်းဖျ၊ နားချလို့ ခြံသမား ပြန်လှည့်အသွားမှာ
ဝက်ကလေးတစ်ကောင်က စကားပြောတယ် ဘုရား…”
…ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ၀က်က စကားပြောတယ်ဆိုတဲ့အတွက်
စိတ်ဝင်စားဖွယ်ပါပဲ။
“ ၀က်ကလေး ပြောပုံက ဒီလိုပါဘုရား၊ ကျွန်တော်တို့ သားအမိသားအဖငါးယောက်ဟာ
ဘဘကြီးသာ မကယ်ရင် သေပြီဗျာလို့ ပြောပါတယ်ဘုရား…”
…ဒီအခါ မိဘုရားကြီးက ကြားဖြတ်ပြီး ၀င်မေးပြီလေ။
“ ဟဲ့…နေပါဦး၊ နင်ပြောတာ ၀က်ကလေးနှစ်ကောင်နဲ့ ၀က်လင်မယားလို့
ဆိုတယ်မဟုတ်လား၊ လေးကောင်ပေါ့”
“ မှန်ပါ မယ်ဖုရား၊ ၀က်ကလေးကတော့ အဲဒီအတိုင်းပဲ ပြောပါတယ်ဖုရား…”
…မိဖုရားကြီးခမျာ ယောင်လည်လည်ဖြစ်သွားပြီးမှ ဓားနဲ့ ပိုင်းလိုက်တုန်းက
ထက်ပိုင်းပြတ်သွားလို့များ ငါးကောင်လို့ ပြောရော့ သလားဟဲ့လို့ မေးတော်မူတယ်။
“ ကျွန်တော်မျိုး ဟန့်တားလိုက်တဲ့အတွက် ဘယ်ဝက်ကလေးကိုမျှ ဓားချက်မထိပါဘုရား…”
“ ဟယ်…နင့်စကား နားထွေးရပါဘိ၊ ရှင်းရှင်း တင်စမ်းပါဟယ်”
…ဒါပေမယ့် ဦးပေါ်ဦးကတော့ ဝေ့လည်ချောင်ပတ် လုပ်နေဆဲပါပဲ။
“ မှန်လှပါ၊ ၀က်ကလေးကတော့ ကျွန်တော်တို့ သားအမိငါးကောင်လို့ ပြောထားတာ
အမှန်ပါဘုရား…”
“ ဒါဖြင့် နင့်မျက်စိနဲ့ကော ဘယ်လောက်မြင်သတုန်း”
“ လေးကောင်ပဲ ဖြစ်ပါတယ် ဘုရား…”
“ ဟယ်…ပေါ်ဦးရယ်၊ နင့်စကား ရှုပ်လှပါဘိ၊ ဘယ်လိုအကြောင်းကြောင့်
ဝက်လေးကောင်က ငါးကောင်ဖြစ်သွားရတာလဲ”
“ အဲဒါမှာတော့ မယ်ဖုရားကိုယ်တော်တိုင် စဉ်းစားကြည့်တော်မူပါဘုရား…”
…မိဖုရားကြီး စဉ်းစားကြည့်တော်မူရပြီလေ။ ဒါပေမယ့် ဘယ်လိုမှ စဉ်းစားလို့
မရတဲ့အတွက်…
“ နင့်ပဟေဠိကို နင်ပဲ ဖြေစမ်းပါဟယ်” ဆိုပြီး ပန်းပေးတော်မူ လိုက်ရတယ်။
ဒါကြောင့် ဦးပေါ်ဦးက လက်အုပ်ချီလိုက်တယ်။
“ မှန်ပါ၊ ကျွန်တော်မျိုးမြင်တာ လေးကောင် အမှန်ဖြစ်သလို ၀က်ကလေးက
ငါးကောင်လို့ပြောတာလည်း အမှန်ပါပဲဘုရာ့၊ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတော့
ဝက်ကလေးဟာ ကျောင်းမနေရသေးတော့ ဘယ်မှာ ဂဏန်းသင်္ချာတတ်ပါ့မလဲ
ဘုရား၊ တစ် နှစ် သုံး လေး မှန်အောင် မရေတတ်လို့ ဒီလိုဖြစ်တာပါဘုရား…”
…မင်းတရားကြီးက နားထောင်နေရာက ရယ်တယ်။
ပေါ်ဦးတို့ လုပ်လိုက်မှဖြင့် ငါတောင် မျက်စိလည်သွားသဟ၊ ခွေးမသားရ
“ မှန်လှပါ၊ မယ်ဘုရားကို ပျော်တော် ဆက်တာပါဘုရား…”
ဦးပေါ်ဦးရဲ့ အလျှောက်အထား ဒီစကားကို ကြားရတော့မှပဲ
မိဖုရားကြီးခမျာ ပြုံးတော်မူနိုင်တော့တာကိုး
ပျော်ရွင်နိုင်ပါစေ
တက်တူး
No comments:
Post a Comment