မေမေ
ပန်းပွင့်တွေ
အလှဆုံးပွင့်စမ်း
ဘယ်သူတွေ
ဘယ်လိုပန်းပွင့်မျိုးကိုနှစ်သက်ပါစေ
မေမေ့နှုတ်ခမ်းမှာ ပွင့်တဲ့ အပြုံးပန်းပွင့်လို
လှတဲ့ ပန်းတစ်ပွင့်လောက်ရှိရင်
လက်ညိုးထိုးပြပါလား။ ။
အေးစမ်းပါ့ စမ်းရေတွေစမ်းချောင်းလေနား သွားထိုင်မိတာနဲ့
ရင်ကိုအေးမြစေသားလို့ ဆုမတောင်းပဲပြည့်တဲ့သူ
မေမေရဲ့ အေးမြချိုသာတဲ့
စကားသံ၊ အရီ(ရယ်) အပြုံးလေးတွေကို
ယှဉ်နိုင်ခဲ့ရဲ့လား။ ။
အဆင့်အတန်းတွေ
တဖြည်းဖြည်း မြင့်လာတော့
မိုးထိမြင့်တိုက်တွေမှာ ပျော်နေကြတယ်။
ဒါပေမယ့်…
မေမေ့ရဲ့ ဟိုးအောက်ဆုံးက
မျက်ဝန်းနဲ့ ဆောက်ထားတဲ့ တဲအိမ်အိုလေးကို
ဘယ်လို ပျော်ရွှင်မှုမျိုးနဲ့များ
နှိုင်းရက်လေသလဲ။ ။
လက်ဖ၀ါးနုနုက
မြေပေါ်သွေးစက်ကျ
အာခေါင်မှာရေငတ်နေတာတောင်
သား…တဲ့။ ။
သားအတွက်လေ…
ပန်းတွေတိုင်းထက်
မေမေလှအောင်ပြုံးတယ်။ ။
မေမေ့မှာ ရှေ့ရေးအတွက်
မီးတွေတဟုန်းဟုန်းတောက်နေတာတောင်
အေးချိုစွာ စကားပြောနေတယ်။ ။
တစ်ခါတစ်ခါ
ဟိုးမိုးပေါ်က တိုက်တာတွေကိုကြည့်ရင်
မေမေမျက်ရည်ကျတယ်။ ။
သြော်…အမေ့ရဲ့ တဲအိုပျက်လေးမှာ
သားနေသာရဲ့လား…တဲ့။ ။
မေမေ…
သားကွယ်ရာမှာ ပုန်းခိုနေတဲ့
မေမေ့မျက်ရည်တွေ မကျနဲ့တော့နော်။ ။
မေမေ…
အပူမီးတွေကြားထဲကနေ
ဟန်ဆောင်ပြီး မပြုံးပြပါနဲ့တော့နော်။ ။
မေမေ…
စကားသံတွေ ထစ်အမသွားပါနဲ့လား
အရင်ကလိုပဲ ဆုံးမစကားတွေ ပြောပြပါနော်။ ။
အလိုချင်အမက်မောဆုံးက
မေမေ့တဲအိုလေးထဲမှာ
မကွယ်ဝှက်တမ်း
ဟန်ဆောင်မှုကင်းကင်းနဲ့
သာယာတဲ့ မိသားစုဘ၀လေးပါ မေမေ။ ။
အမေပေးတဲ့ အသိတရား
ခုဆို မေမေမွေးခဲ့တာ
သားအသက် ၂၁နှစ်ရှိပြီ။
အမေ့မျက်နှာ ညိုးရင်း၊ ငယ်ရင်းက
သား… လူလားမြောက်ခဲ့တာ။
အမေ…မျက်ရည် သိုသိပ်
အံကိုကြိတ်ကာ
နွေတွေ၊မိုး ဆောင်း
အချိန်တိုင်းပြောင်းလည်း။
ဒီမှာ… ငါ့သား
လောကအလည်
မားမားလျှောက်လို့
ဘုရားကို သိ
သစ္စာရှိဖို့ အမေသင်ခဲ့မယ်သား။
သတ္တိကိုမွေး
ရင်ထဲအေးဖို့
အမြဲဆုတောင်းပါသား။
တစ်နေ့တော့သွားရမှာပဲ
တွေးကြောက်ဖို့ထက်
အသိရှိဖို့တာကြိုးစားနော်..သားတဲ့။
(အမေ သားအားလုံးကို ပြန်ကြားနေရတယ်)
အရိပ်
သစ်ရိပ်ရယ်လို့ မြင်တာနဲ့အေးချမ်းတယ်ထင်ပြီး
ငါ..အကြိမ်ကြိမ် ၀င်နားဖူးတယ်။
သတိလက်လွတ်ပဲ။
ကိုင်းတွေကျိုး ရွှက်တွေကြွေတော့မှ
ဘယ်မှာ ဆက်နားရမလဲ …ဘဝ
ထိပ်ဆုံးကို ရောက်ချင်နေမှ
အမြင့်က မိုးတွေ သည်းလာတယ်။
ငါ့ဆက်နားခိုရာ
အရိပ်စစ်စစ် ဘယ်မှာလဲ။
အသိစိတ်တွေ ကင်းနေတဲ့ ညတွေ
သန်းခေါင်ယံကျော်ပေါင်း များများလာတော့
ငါ တစ်ခုခုကို ကြောက်ကြောက်လာတယ်။
တစ်ခါတစ်လေ ငယ်တုန်းကလို
မနက်ခင်းဆည်းဆာကို ကြည့်ချင်နေမှ
နေ၀င်ချိန်ကို မြင်မြင်လာတယ်။
ငါ့ နေ၀င်ချိန်များ ရောက်လေတော့မလား။
အမေ….
အရိပ်တွေမဲ့မဲ့လာတဲ့ သားဘဝ
ဘယ်မှာ ဆက်နားရမလဲ၊ ပြောပါအုံးမေမေ
သားသိလာတဲ့ အရိပ်ဆိုတာ
ဘယ်အချိန်မှ တည်မြဲမလာတော့ဘူး၊
ဒါပေမယ့် မေမေ
သားရင်မှာ တစ်ခါတစ်ခါ အေးချမ်းလာတယ်
အမေ့အရိပ်။
သားဘယ်လောက်ပဲ ပူလောင်နေပါစေ
အမေဆိုတာလေးနဲ့ သားအေးချမ်းလာတယ်…
သား နားလည်လာပြီ မေမေ။
အရိပ်တွေ အားလုံးထဲမှာ မေမေ့ အရိပ် (မိဘ အရိပ်)သာ
အေးချမ်းဆုံးဆိုတာ မိဘနဲ့ ဝေးလေလေ
ပိုပိုသိလာလေလေပါပဲဗျာ။
အနှိုင်းမဲ့ မေမေ
ညရဲ့ ကောင်းကင်တွေမှာ
ကြယ်လေးတွေ ယှက်ပြေးနေတာကို
မေမေ့ရဲ့ အပြုံးလေး တစ်ချို့နဲ့ နှိုင်းရင်
ကြယ်လေးတွေ ပျောက်ကွယ်ကုန်ကြလိမ့်မယ်..မေမေ
ဘာလို့လဲဆိုတော့
သူတို့နဲ့ မထိုက်တန်လို့တဲ့…
မေမေ့ရဲ့ စကားသံချိုလေးတွေက ဆည်းလည်းလေးတွေ သောင်းနဲ့ချီပြီး
ပြေးလွှားနေသလိုပါ…
ဒါပေမယ့် မေမေ့စကားသံလေးတွေကြောင့်
သံဇဉ်လေးတွေ ရပ်တန့်ကုန်ကြတယ်..
ဘာလို့လဲ လို့မေးရင်
ဒီကမ္ဘာမှာ မေမေ့စကားသံလောက်
ငြိမ်းချမ်းတဲ့ တေးသွားတွေလို
ဘယ်သံဇဉ်တွေကမှ မဖေါ်ကြူးနိုင်သေးလို့တဲ့…
မေမေ…
ဒီကမ္ဘာမှာ မေမေသာလျှင်
သားတို့ရဲ့ ကြယ်စင်
သားတို့ရဲ့ တေးသွားတွေပါ…
မေမေသာ မရှိခဲ့ရင်
ကြယ်စင်တွေရော၊
တေးသွားတွေကပါ
ဒီကမ္ဘာကို ပိုင်စိုးကြလိမ့်မယ်…
ဒါပေမယ့်
သားမကြောက်ပါဘူး…
ဘာလို့လဲလို့ အားလုံးကမေးကြရင်
မေမေဆိုတာ သားတို့ရဲ့ရင်မှာ
အရာရာကို ပေးစွမ်းတဲ့သူ၊
အရာရာကို ဖန်းတီးပေးနိုင်တဲ့ အနှိုင်းမဲ့ မေမေ
ဖြစ်နေလို့ပါပဲ…
(သားချစ်သော မေမေကို ဒီကဗျာလေးနဲ့ ကန်တော့ပါရစေ)
တက်တူး
No comments:
Post a Comment