ကျွန်တော်မောင်တက်တူးဆိုက်လေးမှသူငယ်ချင်းများကိုကြိုဆိုပါတယ်ဆိုက်လေးကို1.11.2012ရက်တွင်တည်ထောင်ပါသည်။လာလည်သူမိတ်ဆွေအပေါင်းပျော်ရွင်ချမ်းမြေ့ပါစေ

Saturday, November 3, 2012

လောကီ သရဏဂုံ(၄)မျိုး

သရဏဂုံကား ပါဠိပုဒ်တည်း။ မြန်မာလို ကိုးကွယ်ဆည်းကပ်သူ လူအပေါင်းတို့အား ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်း၊ အပါယ်သို့ ကျရောက်၍ ပင်ပန်းဆင်းရဲရခြင်း စသော ဆင်းရဲ အမျိုးမျိုးကို ပယ်ဖျောက်ပေးတတ်သည့်အရာ ဟု အဓိပ္ပာယ်ရ၏။ ထိုအရာများကား ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာသုံးပါးတို့ဖြစ်၏။ ထို့ကြောင့် “သရဏ” ဆိုသည်မှာ ဆင်းရဲအမျိုးမျိုးကို ပယ်ဖျောက်ပေးနိုင်သော ရတနာသုံးပါးဖြစ်သည်။
တစ်နည်းချဲ့၍ဆိုရသော် မြတ်စွာဘုရားသည် အကျိုးစီးပွား၌ ဖြစ်တော်မူခြင်းဖြင့်လည်းကောင်း၊ အကျိုးစီးပွားမဲ့မှ တားမြစ်တော်မူခြင်းဖြင့်လည်းကောင်း၊ သတ္တဝါတို့၏ ဘေးအမျိုးမျိုးတို့ကို ပယ်ဖျောက်တော်မူတတ်၏။ တရားတော်သည် ဘဝခရီးထဲမှ လွတ်မြောက်စေသောအားဖြင့်လည်းကောင်း၊ သက်သာရာ ရစေသောအားဖြင့် လည်းကောင်း၊ သတ္တဝါတို့၏ ဘေးအမျိုးမျိုးကို ပယ်ဖျောက်တော်မူတတ်၏။ သံဃာတော်သည် အနည်းငယ် သော ကောင်းမှုမျှဖြင့် ကြီးကျယ်ဖွံ့ဖြိုး များမြတ်သောအကျိုးရအောင် ပြုတတ်သောအားဖြင့် ဘေးအမျိုးမျိုးကို ပယ်ဖျောက်တော်မူတတ်၏။ ထို့ကြောင့် ရတနာမြတ်သုံးပါးသည် သရဏမည်၏။
သရဏ- ပါဠိပုဒ်သည် မြန်မာလို ဘေးအမျိုးမျိုး ဆင်းရဲအမျိုးမျိုးတို့ကို ပယ်ဖျောက်ပေးတတ်သည့်အရာဟု သဒ္ဒါ အနက်ထွက်သော်လည်း ဝေါဟာရအနေဖြင့် ကိုးကွယ်ရာဟု အဓိပ္ပာယ်ရ၏။ ကိုးကွယ်ရာပုဒ်ကို အဓိပ္ပာယ် စိတ်ဖြာရလျှင် “ဆင်းရဲအမျိုးမျိုး ၊ ဘေးအန္တရာယ်အမျိုးမျိုးတို့ကို ကာကွယ်ပေးနိုင်သူများဟု ယုံကြည်ကာ အားကိုးရာ၊ အားထားရာ၊ မှီခိုရာအဖြစ် ဆည်းကပ်ပူဇော်ရသည့်အရာ” ဟု ဖြစ်သည်။ မြန်မာအဘိဓာန်၌ “ကိုးကွယ်ရာ” ကိုဆည်းကပ်ပူဇော်စရာ၊ အားထားမှီခိုစရာဟု ဖွင့်ဆိုထားသည်။
 
သရဏဂုံ
သရဏ+ ဂမန ဟူသော ပါဠိမှ မြန်မာလို “သရဏဂုံ” ဖြစ်လာသည်။ ကိုးကွယ်ရာဟူ၍ အသိအမှတ်ပြုလျက် ဆည်းကပ်ခြင်းဟု အဓိပ္ပာယ်ရ၏။( သရဏ= ကိုးကွယ်ရာဟူ၍+ ဂမန= အသိအမှတ်ပြုလျက် ဆည်းကပ်ခြင်း)၊ ရတနာသုံးပါး၌ ကြည်ညိုလေးစား၍ ဘုရား၊ တရား၊ အရိယာသံဃာတို့သည် ကိုးကွယ်ရာ အစစ်ဖြစ်ကြ၏ဟု အသိအမှတ်ပြုကာ ရတနာသုံးပါးအား ကိုးကွယ်ဆည်းကပ်ကြောင်းဖြစ်သည့် သဒ္ဓါ ပညာဦးစီးသော မဟာကုသိုလ် မဟာကြိယာစသော စိတ် စေတသိတ်စုကို “သရဏဂုံ” ဟုခေါ်သည်။ ထို့ကြောင့် သရဏဂုံ သုံးပါးဆိုသည်မှာ (၁)။ ဘုရားကိုဆည်းကပ်ကိုးကွယ်မှု၊ (၂)။ တရားကိုဆည်းကပ်ကိုးကွယ်မှု၊ (၃)။ အရိယာသံဃာကို ဆည်းကပ်ကိုးကွယ်မှုတို့ဖြစ်သည်။
သရဏဂုံတည်သူ
ရတနာသုံးပါးတို့၏ ဂုဏ်တော်များ၌ သက်ဝင်ယုံကြည်သည့် သဒ္ဓါ၊ ကံ ကံ၏အကျိုးတို့ကို သိမြင်လက်ခံသည့် ပညာဦးစီးသော မဟာကုသိုလ်၊ မဟာကြိယာစသော စေတသိတ်စုသည် ကိုးကွယ်ဆည်းကပ်မှုကို ဖြစ်စေတတ် သောကြောင့် ထိုမဟာကုသိုလ်၊ မဟာကြိယာစသော စေတသိတ်စုနှင့် ပြည့်စုံသူသည် “သရဏဂုံတည်သူ” ဖြစ်၏။ မိမိသန္တာန်၌ ရတနာသုံးပါးတို့အား ဆည်းကပ်ကိုးကွယ်မှုကိုဖြစ်စေတတ်သည့် မဟာကုသိုလ်စသော စိတ်စေတသိတ်စုများ ဖြစ်နေကြောင်း ထင်းရှားပြဖို့ရန် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသည်ဖြင့် ပါဠိလိုဖြစ်စေ၊ “မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်ပါ၏” စသည်ဖြင့် မြန်မာလိုဖြစ်စေ၊ ရွတ်ဆိုခြင်းသည် သရဏဂုံဆောက် တည်ခြင်းမည်၏။ မြတ်စွာဘုရားလက်ထက်တော်ကလည်း ယသ၏ ဖခင်သူဌေးကြီးစသော ပုဂ္ဂိုလ်များ သည်လည်း “သော ဟံ ဘန္တေ ဘဂဝန္တံ သရဏံ ဂစ္ဆာမိ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ၊ ဥပသကံ မံ ဘဂဝါ ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတန္တိ” ဟုရွတ်ဆိုလျှောက်ထားကြပြီး သရဏဂုံဆောက်တည်လေ့ရှိကြပါသည်။ “အရှင်မြတ်ဘုရား ထိုဘုရားတပည့်တော်သည် ဘုန်းတော်ခြောက်ပါးသခင်၊ ဘုရားရှင်ကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ ရဟန်းသံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ မှီဝဲဆည်းကပ်သိမှတ် ပါ၏။” ဘုရားရှင်သည် တပည့်တော်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ရာဟု သိမှတ်ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါ” ဟု အနက်အဓိပ္ပာယ်ရသည်။
လောကီသရဏဂုံသည် ပြုမှုပုံ၊ ဆောက်တည်ပုံတို့ကို အစွဲပြု၍ လေးမျိုးကွဲပြန်၏။ ထိုလေးမျိုးမှာ
(၁)။ အတ္တသန္တွိယျာတနသရဏဂုံ
(၂)။ တပ္ပရာယနသရဏဂုံ
(၃)။ သိဿဘာဝူပဂမနသရဏဂုံ
(၄)။ပဏိပါတသရဏဂုံ တို့ဖြစ်သည်။
(၁)။ထိုလေးပါးတွင် “အဇ္ဇာဒိံကတွာ အဟံ အတ္တာနံ ဗုဒ္ဓဿ နိယျာတေမိ၊ ဓမ္မဿ နိယျာတေမိ၊ သံဃဿ နိယျာတေမိ” ဟု ရွတ်ဆိုဆောက်တည်၍ မိမိကိုယ်ကို ရတနာသုံးပါးအား အပ်နှင်းလှူဒါန်းသည့် သရဏဂုံသည် အတ္တသန္နိယျာတန သရဏဂုံမည်၏။( အဟံ= အကျွန်ုပ်သည်၊ အဇ္ဇာဒိံကတွာ= ယနေ့ကိုအစပြု၍ ၊ အတ္တာနံ- မိမိကိုယ်ကို၊ ဗုဒ္ဓဿ- မြတ်စွာဘုရားအား၊ နိယျာတေမိ- အပ်နှင်းပေးလှုပါ၏။ ဓမ္မဿ- တရားတော်အား၊ နိယျာတေမိ- အပ်နှင်းပေးလှုပါ၏။ သံဃဿ- သံဃာတော်အား၊ နိယျာတေမိ- အပ်နှင်းပေးလှုပါ၏။)
(၂)။ “အဇ္ဇဒိံကတွာ အဟံ ဗုဒ္ဓပရာယဏော၊ ဓမ္မပရာယဏော၊ သံဃပရာယဏော တိ မံ ဓာရေထ” ဟုရွတ်ဆို ဆောက်တည်ရသော ရတနာသုံးပါး၌ လဲလျောင်းညွတ်ကိုင်းသည့် သရဏဂုံသည် “တပ္ပရာယဏ သရဏဂုံ” မည်၏။ (အဟံ- အကျွန်ုပ်သည်။ အဇ္ဇာဒိံကတွာ-ယနေ့ကိုအစပြု၍၊ ဗုဒ္ဓပရာယဏော- ဘုရားသာ လဲလျောင်း ညွတ်ကိုင်းရာရှိသူ၊ ဓမ္မပရာယဏော-တရားတော်သာ လဲလျောင်းညွတ်ကိုင်းရာရှိသူ၊ သံဃပရာယဏောတိ- သံဃာတော်သာ လဲလျောင်းညွတ်ကိုင်းရာရှိသူဟူ၍၊ မံ- အကျွန်ုပ်ကို၊ ဓာရေထ- မှတ်ပါကုန်လော့)။ အာဠာဝကဘီလူး၊ ဟေမဝတနတ်မင်းတို့ယူသော သရဏဂုံမျိုးဖြစ်၏။
(၃)။ “အဇ္ဇာဒိံကတွာ အဟံ ဗုဒ္ဓဿ အန္တေဝါသိကောတိ ဓမ္မဿ အန္တေဝါသိကော၊ သံဃဿ အန္တေဝါသိကော တိ မံ ဓာရေထ” ဟုရွတ်ဆိုဆောက်တည်ရသော ရတနာသုံးပါး၏ တပည့်အဖြစ်ကို ခံယူသည့် သရဏဂုံသည် “သိဿ ဘာဝူပဂမနသရဏဂုံ” မည်၏။ (အဟံ- အကျွန်ုပ်သည်၊ အဇ္ဇာဒိံကတွာ- ယနေ့ကို အစပြု၍၊ ဗုဒ္ဓဿ- မြတ်စွာဘုရား၏၊ အန္တေဝါသိကော-တပည့်ရင်းဖြစ်၏။ ဓမ္မဿ- တရားတော်၏၊ အန္တေဝါသိကော- တပည့်ရင်းဖြစ် ၏။သံဃဿ- သံဃာတော်၏။ အန္တေဝါသိကောတိ- တပည့်ရင်းဖြစ်၏ ဟူ၍၊ မံ- အကျွန်ုပ်ကို၊ ဓာရေထ- မှတ်ပါ ကုန်လော့။) ရှင်မဟာကဿပမထေရ်ကြီးယူသော သရဏဂုံမျိုးဖြစ်၏။
(၄)။ “အဇ္ဇာဒိကတွာ အဟံ အဘိဝါဒန ပစ္စုပဋ္ဌာန အဉ္စလိကမ္မသာမီစိကမ္မံ ဗုဒ္ဓါဒီနံယေဝ တိဏ္ဏံ ဝတ္ထုနံ ကရောမီတိ မံ ဓာရေထ” ဟု ရွတ်ဆိုဆောက်တည်ရသော ရတနာသုံးပါးတို့၌ အလွန်အမင်း အရိုအသေပြုသည့် သရဏဂုံသည် “ပဏိပါတသရဏဂုံ” မည်၏။ (အဟံ- အကျွန်ုပ်သည်၊ အဇ္ဇာဒိံကတွာ- ယနေ့ကိုအစပြု၍၊ ဗုဒ္ဓါဒီနံ- ဘုရားအစရှိကုန်သော ။ တိဏ္ဏံ ဝထ္ထုနံယေဝ- ဝတ္ထုမှန်သုံးပါးတို့အားသာလျှင်၊ အဘိဝါဒနပစ္စုပဋ္ဌာန အဉ္စလိကမ္မသာမီစိကမ္မံ- ရှိခိုးခြင်း၊ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေပြုခြင်းအမှုကို၊ ကရောမီတိ- ပြုလုပ်၏ဟူ၍၊ မံ- အကျွန်ုပ်ကို၊ ဓာရေထ- မှတ်ပါကုန်လော့။) ဗြဟ္မာယုပုဏ္ဏားကြီးယူသော သရဏဂုံမျိုးဖြစ်၏။
ဤဖော်ပြပါ လေးမျိုးတို့တွင် တစ်မျိုးမျိုးဖြင့် ဆောက်တည်လျှင် သရဏဂုံတည်သူဖြစ်၏။ဤလောကီသရဏဂုံ လေးမျိုးတို့တွင် နောက်ဆုံး ပဏိပါတသရဏဂုံကား ရှိခိုးမှု လက်အုပ်ချီမှု အရိုအသေပြုမှု စသည်တို့ကို ပြုရုံမျှဖြင့် သရဏဂုံတည်သွားသည့် သရဏဂုံမျိုးဖြစ်၏။ထို့ကြောင့် ရှိခိုးမှုစသည်တို့ကိုပြုတိုင်း သရဏဂုံ တည် -မတည်၊ ဖြစ်- မဖြစ် စိစစ်ရန်လိုလာ၏။ပဏိပါတခေါ် အရိုအသေပြုမှု ရှိခိုးမှုသည် (၁)။ ဆွေမျိုးဖြစ်၍ အရိုအသေပြုခြင်း၊ ရှိခိုးခြင်း၊ ဥာတိ။ (၂)။ကြောက်သဖြင့် အရိုအသေပြုခြင်း၊ ရှိခိုးခြင်း၊ ဘယ။ (၃)။ ဆရာဖြစ်၍ အရိုအသေပြုခြင်း ရှိခိုးခြင်း၊ အာစရိယ။ (၄)။ မြတ်သောအလှူကိုခံထိုက်သည့် ရတနာသုံးတန် ဝတ္ထုမှန် အနေဖြင့် အရိုအသေပြုခြင်း ရှိခိုးခြင်း၊ ဒက္ခိဏေယျဟူ၍ (၄)မျိုးရှိ၏။
ဤ(၄)မျိုးအနက် နောက်ဆုံး(၄)နံပါတ်ပြ “မြတ်သောအလှူကို ခံယူထိုက်သည့်အနေဖြင့် အရိုအသေပြုမှ ရှိခိုးမှသာ ပဏိပါတ သရဏဂုံမြောက်၏။ သရဏဂုံတည်၏။” ကျန်သုံးမျိုးတို့ဖြင့် ရိုသေမှု ရှိခိုးမှုတို့ကား သရဏဂုံ မမြောက်ချေ။ မဖြစ်ချေ။မတည်ချေ။ ဤအချက်ကို အသေအချာမှတ်သားထားသင့်ကြ၏။
ဆက်၍ဆိုဦးအံ့။ သာကီဝင်မင်းမျိုး တစ်ဦးတစ်ယောက်သည် “မြတ်စွာဘုရားသည် ငါတို့၏ မဟာဆွေတော် မျိုးတော်ဖြစ်သည်”ဟု ရှိခိုးငြားအံ့။ ထိုသူသည် သရဏဂုံကို ခံယူသည်မမည်။ သရဏဂုံမတည်ချေ။ (ဥာတိဆွေမျိုး)။တစ်ဦးတစ်ယောက်သောသူသည် “ရဟန်းဂေါတမက မင်းအပူဇော်ခံပုဂ္ဂိုလ်၊ တန်ခိုးအာနုဘော် ကြီးသည့် ပုဂ္ဂိုလ်တည်း။ သူကို ရှိခိုးမှု ငါမပြုခဲ့လျှင် ငါ၏ အကျိုးမဲ့ကို ပြုလိမ့်မည်။” ဟု ကြောက်ရွံ့သဖြင့် ရှိခိုးငြားအံ့။ ထိုသူသည်လည်း သရဏဂုံကို ခံယူသည်မမည်။ သရဏဂုံမတည်ချေ။(ဘယ-ကြောက်ခြင်း)
တစ်ဦးတစ်ယောက်သော သူသည် အလောင်းတော်သူမြတ်ထံ အတတ်ပညာ တစ်စုံတစ်ရာ သင်ကြားခဲ့ဖူးသည် ကို အောက်မေ့ကာ မြတ်စွာဘုရားအား “ငါ၏ဆရာဖြစ်ခဲ့ဖူးပါပေသည်” ဟု ရှိခိုးငြားအံ့။ထိုသူသည်လည်း သရဏဂုံခံယူသည်မမည်။ သရဏဂုံမတည်ချေ။ အယုတ်ဆုံးအားဖြင့် ဘုရားဖြစ်လာပြီးနောက် “လုပ်၍ရလာ၊ ထိုဥစ္စာကို ပုံပါလေးပုံ၊ တစ်ပုံစားပါ။ နှစ်ပုံထပ်ရင်း၊ အကြွင်းရန်ပုံ၊ ထားပါတုံ၊ မှတ်ယုံကြီးပွားမည်” စသည်ဖြင့် လောကီကြီးပွားရေးဆိုင်ရာ ဆုံးမချက်များကို သင်ကြားလမ်းညွှန်ပေးသူ ငါ၏ဆရာဖြစ်ပါပေသည်” ဟုရှိခိုးလျှင် လည်း ထိုသူအား သရဏဂုံမဖြစ်ချေ။ မတည်ချေ။(အာစရိယ=ဆရာ)
စစ်စင်သော်ကား”မြတ်စွာဘုရားသည် လောက၌ နောက်နောက်ဘဝအကျိုးရအောင် ပျိုးချတုံလတ်၊ မြတ်သော အလှူကိုခံယူတော်မူထိုက်သော ရတနာစစ် ၊ရတနာမှန် ဖြစ်တော်မူပါပေသည်” ဟု ရှိခိုးမှသာလျှင် ရှိခိုးသူအား သရဏဂုံခံယူသည်မည်၏။ သရဏဂုံတည်၏။
ဆက်လက်ရေးသားပါဦးမည်။
မှတ်ချက်။              ။ ဓမ္မာစရိယဦးအေးနိုင်(ဘီအေ)၏ ဗုဒ္ဓဘာသာဂုဏ်ရည်စာအုပ်မှ ကောက်နှုတ်ရေးသား ပါသည်။
စာဖတ်သူအားလုံးသက်ရှည် ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
 
တက်တူး

No comments:

Post a Comment